Author: ဆောင်းနှင်းရွက်
•5/27/2009 07:34:00 PM
စာမရေးတာကလည်း ကြာပြီ ..။
ရေးချင်နေတာတွေကလည်း အရမ်းများနေတာ ..။ မအားတာနဲ့ ဘယ်လိုမှ စာမရေးနိုင် ၊blogs တွေ လိုက်မဖတ်နိုင် ဖြစ်နေတာ ..။ အခုတော့ လုံးဝ အားသွားပြီ ပေါ့နော် . . ။
အားတော့ ဘာလုပ်မလဲ ပေါ့ ..။
ကျောင်းကပြန်လာတော့ ရေချိုးပြီး အပြင်ပဲ ပြန်ထွက် လျှောက်လည်ရမှာလားးး ...???
ဒါမှ မဟုတ် အိမ်မှာပဲ ထိုင်ပြီး ကွန်ပြူတာ ကလိရမလားပေါ့ ..???
စဉ်းစားရင်နဲ့ပဲ အိမ်မှာပဲ နေဖို့ စိတ်ကူးလိုက်တာပေါ့နော် ..။
မအားခင်တုန်းက စိတ်ကူးရတိုင်း ရေးမယ် ဆိုပြီး စဉ်းစားထားတာတွေ က အများကြီးပေါ့ ..။
အခုလည်း ကွန်ပြူတာ ရှေ့ ထိုင်ပြီး ၊ ဘာလုပ်လို့ ၊ လုပ်ရမှန်း သေချာ သိသေးတာ မဟုတ်ဘူးးး ။
ဟိုဟာ စပ်စပ် ၊ ဒီဟာ စပ်စပ် လိုက်ဖွင့်ကြည့်နေတာ ..။
စိတ်ကူးတည့်တာ လျှောက်ဖွင့်ကြည့်ရင်း ခေါက်ဆွဲပြုတ်ရဲ့ တဂ် ကောင်းမှု့ အကြောင်းပြုပြီး blog တစ်ပုဒ်ရေးဖို့ စိတ်ကူးလိုက်ပါတယ် ..။

အင်းးးးးးးးး
ဘယ်နားက စရေးရမလဲ မသိဘူးနော် ..။ စိတ်များရယ် ပိန်လိုက်တာ ..။
မရေးခင် တဂ်ထားတဲ့ ခေါင်းစဉ်ကို နဲနဲ ပြောင်းလိုက်မယ်နော် ..။ စွံလိုက်ခဲ့ပုံများ ပေါ့ (မျက်လုံး) ဟုတ်ဘူး ..။
ကဲ ရေးပြီးနော် . . . ။

dew အလယ်တန်း ကျောင်းတတ်ခဲ့စဉ် ရ တန်းလား ၊ ၈ တန်း လား မမှတ်မိတော့ပါဘူး ..။
တတ်ခဲ့တာကတော့ မိန်းကလေး ကျောင်း မှပဲ တတ်ခဲ့တာပါ ..။ (.. လျှောက်မတွေးနဲ့နော် ..)
ကျောင်းနဲ့ အိမ်ကို ကျောင်းကားနဲ့ အသွားအပြန် ပေါ့ ..။ ကျောင်းကား က အိမ် လမ်းထိပ် အထိ ရောက်တယ်လေ .။ တော်ရုံတန်ရုံလည်း အပြင်လောက နဲ့ ဆက်သွယ်မှု့ မရှိခဲ့ဘူးပေါ့ .။
ကျောင်းနဲ့ အိမ် ၊ အိမ် နဲ့ ကျူရှင် ၊ အိမ်ကလည်း အမြဲ အသွားအပြန် ကြိုပို့ လုပ်ပေးတယ်လေ ..။
တစ်နေ့ တော့ ဇာတ်လမ်းက စတာပေါ့ ..။
dew ကျောင်းကား စီးရင်းနဲ့ စာတစ်စောင်ရတာပေါ့နော် ..။
ဘယ်လို ရလည်း ဆိုတော့ dew အိမ် နားက ရောက်ခါးနီးမှာ လမ်းဆုံရှိတယ် လေ .။ အဲ့လမ်းဆုံ ရောက်ပြီးဆို ကျောင်းကားက အရှိန်လျှော့ပြီး ကွေ့ရတယ်လေ .။ လမ်းဆုံဆိုပေမယ့် နဲနဲ လည်း လမ်းကျဉ်းတယ် .။ ပြီးတော့ ကုန်းတတ်သလို မျိုးလည်း လမ်းက ဖြစ်နေတော့ အဲ့နားရောက်ရင် ကားက အရှိန်လျှော့ ရတာပေါ့နော် ..။
အဲ့မှာ dew ကျောင်းကားစီးရင်း အမြဲ ထိုင်နေတဲ့ နေရာကို ကောင်လေး တစ်ယောက်က စာပစ် ပစ် ပေးတာပေါ့နော် ..။
အစကတော့ မသိဘူးပေါ့ ..။
ပထမ အကြိမ် စပစ်ပေးတုန်းက . . . သူ ပစ်ပေးတဲ့စာက အသဲ ပုံစံ စာရွက်ခေါက်ထားတာလေ .။
အဲ့တော့ စာရွက်ခေါက်လေး တစ်ခု ပြတင်းပေါက် က နေ အမှတ်တမဲ့ ရောက်လာတဲ့ပေါ့ ..။
အဲ့ စာရွက်ခေါက်လေး က writing paper စာရွက်ဆိုတော့ တော်တော်လှတာပေါ့နော် ..။ သေချာလည်း သပ်သပ်ရပ်ရပ် ခေါက်ထားတာ ..။
အဲ့ဒါနဲ့ အထဲက ဘာရေးထားလဲ ၊ ဘာမှ ဖွင့်မကြည့်နေတော့ဘူးးး ။ တစ်ခါတည်း သိမ်းထားလိုက်တယ် ..။
အသဲပုံ စာရွက်ခေါက်လေး ဆိုတော့ ကြိုက်လို့ သိမ်းထားတာ ..။
အဲ့ဒါနဲ့ ပေးတာ ၁ ပတ်လောက် အတွင်း ၅ စောင်လောက် ရလိုက်တယ် . . ။
dew ရဲ့ အကျင့်က ငယ်ငယ်ကတည်းက stickers မျိုးစုံ , writing paper , diary book , အရုပ် ပိစိ ညောင့်လေး တွေ အဲ့လို မဟုတ်တဲ့ တိုလီမွှာလီ ၀ယ်ရတာ အရမ်း ၀ယ်တာ . ။ ၀ယ်ပြီး စုထားတာတွေလည်း အံဆွဲ နဲ့ တစ်လုံး ရှိတယ် . . ။ အဲ့လို မဟုတ်တာတွေ ၀ယ်လွန်းလို့ အိမ်က လည်း ပြောသလား မမေးနဲ့ . . ။ ဘယ်သူ့မှ မပြောနဲ့ ... အိမ်က မောင်လေးအရင်းတောင် ပေးမသုံးဘူးးး ။ ကိုယ့်ဘာသာ သုံးလား ဆိုတော့လည်း အဲ့လောက် မသုံးဘူးးး ။ ( တကိုယ်ကောင်းဆန်သလိုပဲ .. အဟိ ) အလှ ကြည့်ဖို့ ၀ယ်ထား သလိုပဲ . . ။
စာရေးရင်း ဘယ်တွေ ရောက်ကုန်မှန်းတောင် မသိဘူးးး ..။ သြော် . . . ပြောချင်တာက အဲ့ စာရွက် အခေါက်လေး တွေကို လည်း ကြိုက်တော့ အဲ့ အံဆွဲ ထဲ ထည့်သိမ်းထားလိုက်တယ်လေ . . ။
တစ်ပတ်လောက်နေတော့ dew ရဲ့ သူငယ်ချင်း ကို ပြောတာပေါ့ . . ။ ငါ့မှာ အသဲပုံ စာရွက် အခေါက်လေး တွေ ဘယ်လို ၊ ဘယ်လို ရလာတယ်ပေါ့ . . ။
နောက်နေ့ သူငယ်ချင်းကို အဲ့စာရွက် အခေါက်လေး ပြမှ ပဲ သူက ဖြေကြည့်တော့မှာ အထဲမှာ အဟိ . . . ( .... )
အဲ့လိုတွေ ရေးထားတာ ရှိမှန်း သိတော့တယ် . . ။
ရယ်လိုက်ရတာ လည်း မပြောနဲ့ . . ။ ပထမဆုံး အကြိမ် စာ ရတာ တောင် တလွှဲ ကိုယ့်ဘာသာ ဖြစ်အောင် လုပ်တတ်တယ် . . ။
ပေးတဲ့ ကောင်လေး ကတော့ တွေးပြီး တစ်နေ့ တစ်ခြား ရေးထားတာ တွေ . . ။ အဟိ ...။
သူ့ကို လည်း မကြိုက်ခဲ့ပါဘူးးး ။ ။ ။ နောက်တော့ သူလည်း ဘယ်ရောက်သွားလည်း မသိပါဘူးးး ။
dew ကံကောင်းတယ် ပြော၇မလားးး . ။ အိမ်က လူတွေ က အရူး အံဆွဲ ဆို ပြီး ပစ်ထားကြတာလေ ဘယ်သူ မှ ဖွင့်မကြည့်လို့ တော်သေးတယ် . . ။
နို့မို့သာဆို . . . ဟွင်းးးး ဟွင်းးး ...။

~~~~~~~~~~~~~~~~~~~~~~~~~~

နောက် တစ်ယောက်က ၉ တန်း လောက် မှာ တွေ့တာ . . ။
dew ကို စကားလိုက်ပြောတာ နေ့တိုင်း ကျူရှင် အသွား ၊ အပြန် ပေါ့ . . ။
dew တို့ ကျူရှင်ကတော့ မဟုတ်ပါဘူးးး ။

dew ကျူရှင် တတ်တုန်းက အသွားအပြန် စက်ဘီးနဲ့ တတ်တာလေ . . ။
အဲ့လို ပဲ တစ်နေ့ dew ကို စကားလိုက်ပြောရင်း dew လည်း ဘယ်လို စိတ်ကူးပေါက်မှန်း မသိဘူး (တကယ်တော့ နောက်ချင်လို့ပါ ) သူစီးနေတဲ့ စက်ဘီးကို အနောက်ကနေ တွန်းလိုက်တာ လမ်းဘေး မြောင်းထဲ ဒိုင်ဗင် ထိုးပြီး ဆင်း သွား ကတည်း က ရှက်လို့လား မသိဘူးးး ။ နောက် နေ့ တွေ မလိုက်တော့ ဘူးးး . . ။
ဟဲ . . . ဟဲ . . . !

~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက် ကတော့ ၁၀ တန်းလောက်မှာ တွေ့တာပေါ့ . . ။
တော်တော် ချောတယ်နော် . . ။ အရပ်ကလည်း ယောကျာင်္းလေး အရပ် မပြောရဘူး .။ အရပ်မြင့်မြင့် နဲ့ . . ။
သူက dew တို့ ရဲ့ ဟိုဘက် ရပ်ကွက် မှာ နေတယ် ပြောရမလားးး ။
ဘယ်လို စသိတာလည်း ဆိုတော့ သူတို့ က ခွေဆိုင် စဖွင်တော့ ခွေသွား သွားငှားရင်း သိသွားတာပေါ့ . . ။
ပြီးတော့ သူက dew ၁၀ တန်းတုန်းက သချာင်္ ဆရာ ရဲ့ တပည့် အရင်း လည်း ဆိုတော့ ပိုသိသွားတာပေါ့နော် ..။
တကယ်တော့ အဲ့ ခွေဆိုင် အ၀င် အထွက် ကလည်း dew ကြည့်ဖို့ ခွေ ငှားတာ မဟုတ်ပါဘူးးး ။
အိမ်က အဒေါ်က ကြည့်ချင် တယ် ၊ မောင်လေးက ကြည့်ချင်တယ် ဆိုလို့ သူတို့ အတွက် ငှားပေးတာလေ ..။
တစ်နေ့ တစ်ခါ ကျူရှင်သွားတိုင်း ခွေဝင်အပ် ၊ အသစ်ငှားပေး အလုပ် ကို လမ်းကြုံ လုပ်ပေးရတယ်လေ . . ။
၁၀ တန်း တတ် တုန်းက ခွေကြည့်ဖို့ မပြောနဲ့ . . ။ ကိုယ့်ဘာသာ စာနဲ့ နပန်း လုံးနေရတာ . . ။ အားတောင် အားတာ မဟုတ်ဘူးးး ။
အဲ့ဒါနဲ့ CD ငှားတယ်ပေါ့ . . ။ သူက အဲ့ CD ခွေ အိတ်ထဲမှာ စာရွက် သေးသေးလေးနဲ့ ထည့်ပြီး ရေး ရေးပေးလိုက်တာ မသိဘူးလေ . . ။ ဘယ်လို လုပ် သိမှာလဲ . . ??? အိမ်ရောက်ရင် VCD စက်နား ချပေးထားခဲ့ပြီး ကိုယ့်အခန်းထဲ ကိုယ် ၀င်တာ . . ။ တစ်ခါမှ ထုတ်မကြည့်ဘူးးး ။
အိမ်က VCD ကြည့်ဖို့ ခွေကိုလည်း ဘယ်သူ ထုတ်ပြီး ဘယ်လို ကြည့်ကြလည်း မသိပါဘူးးး ။
အဲ့စာ ကို မတွေ့ကြဘူးးး ။
နောက် ကြာတော့ သူက မနေနိုင်ဘူး နဲ့ တူပါတယ် . . ။ မေးတာပေါ့ . . ။
dew လည်း မိန်းကလေး ဆိုတော့ နဲနဲ တော့ ရိပ်မိပါတယ် . . ။
ကြည့်ရတာ မရိုးသားချင်သလိုပဲ ဆိုတာ သူမမေးခင် ဟိုးအ၇င်ကတည်းက သိတာပေါ့ . . ။ ကိုယ့်ဘာသာ မသိချင်ယောင် ဆောင်နေတာလေ . . ။
အဲ့မေးတဲ့နေကမှ အမြဲ ထည့်ပေးတာ လေ . .။ ဒီလို စာရွက်လေး ဆိုတော့ မှ ကြည့်လိုက်တော့ စာရွက် သေးသေးလေး ၊ စာလေး ၄ လုံးလောက် ရေးလောက်ရုံ အသေးလေးနဲ့ . . ။
မတွေ့တာလည်း မပြောနဲ့ လေ . . ။ အဲ့လောက် စာရွက် ပေါက်စနအသေးလေး က ခွေ အိတ်ထဲကနေ လွှင့်ကျ တာလည်း ဖြစ်နိုင်တာပဲလေ . . ။
အဲ့တော့ သိဘူး လို့ပဲ ဖြေလိုက်တာပေါ့ . . ။
နောက်တော့ ( . . . ကွိစိ . . . ကွစ . . .ဘာညာ . . . ဘာညာပေါ့ ) နဲ့ dew ကို အကြာကြီး first year ပြီးတဲ့ အထိ လိုက်တာပေါ့ . . ။
သနားပါတယ် . . . ။ မတတ်နိုင်တဲ့ အဆုံး မောသွားလို့နဲ့ တူတယ် . . ။ လိုက်တော့ဘူးးး . . .။

~~~~~~~~~~~~~~~~~~~~~

အဲ့လိုပဲ ၁၀ တန်း ပြီးလို့ တက္ကသိုလ် တတ်ခဲ့တုန်းကလည်း ပေါက်တတ်ကရ ၊ စောက်ထိုးမိုးမျှော် ဖြစ်ခဲ့တာတွေ အများကြီးပဲ . . ။
ရေးရင် ပြီးတော့မှာ မဟုတ်လို့ ဆက်မရေးတော့ဘူးနော် . . ။
ဒီနေရာမှာပဲ ရပ်လိုက်တော့မယ်နော် . . . ။ . . .။

အင်းးးးးး တဂ်ပေးထားတဲ့ ခေါင်းစဉ်နဲ့ တော့ ကိုက်ညီမှု့ ရှိမယ် မထင်ပါဘူးးး ။


PS ... !...* ဂျပန်ကောင်လေး ရဲ့ တဂ် *....!
Author: ဆောင်းနှင်းရွက်
•5/22/2009 10:59:00 PM

အေးချမ်းတဲ့ လေနုတွေသာ

တိုက်ခတ် နေပေမယ့်

ဥပေက္ခာပြုစွာ ကျောခိုင်းပြီး

နေထိုင်ခဲ့တာ

ကုသလို့ မရတဲ့ ရောဂါတွေရဲ့

နှောင့်ယှက်မှုကို မခံချင်လို့ပါ . . . ။

ကမ္ဘာ လောကထဲကို

ဝင်ရောက်လာတဲ့

လူသားတစ်ယောက် အတွက်

သင်ယူရမယ့်

ဘ၀ရဲ့ သင်ခန်းစာတွေထဲမှာ

ဦးနှောက် ဖောက်စားခံရတာလည်း

အရသာ သိရုံလောက်ပါတယ် . . . ။

လေညင်းဆိုတာ

ရေတွက် မရတဲ့ ကိန်းဂဏန်းတွေနဲ့

တည်ဆောက်ထားတဲ့

မခိုင်ခံသော ဒြပ်စင်တစ်ခု

အရိုးပြိုင်းပြိုင်း ကျနေတဲ့

သစ်ပင်အိုရဲ့ အောက်မှာ

ဆေးဆိုးရာဗလာ ရင်ခွင်တစ်စုံကို

ထွေးပိုက်ငေးမောရင်း

ပွတ်တိုက်သွားတဲ့

လေညင်းရဲ့ ထိတွေ့မှုကို

ခံစားလိုက်ရတယ် . . . ။ ။


Dec 2004


PS ... !...* ပထမဆုံး ရေးကြည့်ခဲ့တဲ့ ကဗျာ *...!

Author: ဆောင်းနှင်းရွက်
•5/13/2009 12:49:00 AM
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း
ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ
ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ
ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ
ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊
ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး
အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့
သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ
လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ
ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း
ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့
ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့
ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး)
ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန
နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော်
မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ
်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး
လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ။)


PS ... !...* ဗဟုသုတ အနေနဲ့ သိစေရန် ဝေမျှသည် ..။ *...!
Author: ဆောင်းနှင်းရွက်
•5/04/2009 06:41:00 PM
လုပ်လိုက်မှ ဖြင့် တလွဲချည်း ပဲ နော် ဆိုတဲ့ အထဲ ကပဲ ..။

တကယ်တော့ ကိုယ်က တလွဲလုပ်လိုက်တာ မဟုတ်ပါဘူးးး ။ သူ့ဘာသာ ကိစ္စ ကေ၇ာက်လာကတည်းက တလွဲရောက်လာတာ . . ။

မှတ်မိ သလောက် အလွှဲလွှဲအချော်ချော် များ ...။

- သူငယ်ချင်း တစ်ယောက်နဲ့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက် bus-car စီးရင်း ရုတ်တရက် တွေ့တဲ့ အကြောင်း ပေါ့ ..။
သူက dew ရဲ့ ငယ်သူငယ်ချင်းတဲ့ ..။ (သူက ပြောသွားတာပါ) ။ {သူက မိန်းကလေး နော် }
bus-car တတ်စီးလိုက်တော့ ခဏနေတော့ သူ တတ်လာတယ် ။ ကားပေါ်တတ်တတ်ချင်း တွေ့လည်း တွေ့ရော dew ကို နာမည်တွေ ခေါ် နှုတ်ဆက် စကားတွေ အရမ်းကို ဖလှယ် တကင်း ပြောပါလေရော ..။ dew လည်း အားနာနာ နဲ့ စကားတွေ ပြန်ပြောတာပေါ့ ..။ ဘယ်တွေ လုပ်နေလဲ ..။ ဘာသင်တန်းတွေ တတ်နေလဲ ..။ ဘယ်လို ၊ ဘယ်ညာ နဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေ ပြောရင်း သူ က dew ရဲ့ မူလတန်း တုန်းက အတန်း တစ်တန်း တန်း က သူငယ်ချင်း ဆိုတာ သေချာ ပါတယ် ဆိုတာတော့ သိပါတယ် ။ နာမည် လည်း မမှတ်မိသလို ... သူ ဟာ ဘယ်သူ ၊ ဘယ်ဝါ ဆိုတာ လုံးဝ မမှတ်မိပါဘူးးး ။ ဘယ်လို မှ စဉ်းစားလို့ လည်း ခုချိန်ထိလည်း မရဘူးးး ။ မူလတန်း ( ၄ တန်းအထိ) ကတည်းက သူငယ်ချင်း တစ်ယောက် က ဘယ်လို လုပ်ပြီး မှတ်မိလည်း dew ကိုယ်တိုင် ခုချိန်ထိ စဉ်းစားလို့ မရပါဘူးးး ..။ အဲ့ဒါနဲ့ တလမ်းလုံး စကားတွေ ပြောလာလိုက်တာ bus-car လည်း ဂိတ်ဆုံးရော ...။ မနေနိုင်တော့လို့ မေးလိုက်ရပါတယ် ..။

dew - နင့် နာမည် ဘယ်သူလဲ လို့ ..။
သူ - ဟမ် .. နင် ငါ့ကို မမှတ်မိဘူးလားတဲ့ ..။ ငါ က မှတ်မိတယ် ထင်လို့ တလမ်းလုံး စကားတွေ ပြောလာတာ ..။ မှားပါတယ် နော် ..။
dew - ငါ မှတ်တော့ မှတ်မိ သလို ပါပဲ ( တကယ်တော့ လုံးဝ အစဖော်လို့ မရပါ ) ။
သူ - အေးးး ဒါဆိုလည်း နင့် ဘာသာ စဉ်းစားတော့ . . . ငါ့မှာတော့ မှတ်မိတယ် ထင်လို့ စကားတွေ ပြောနေတာ . . . ။ စောစော က ပြောပါလားတဲ့ ..။
dew - စိတ် မဆိုးပါနဲ့ ဟယ် . . ။
သူ - လုပ်မနေ နဲ့ . . ။ နင် မမှတ်မိဘူးမလားးး ။ ငါ သွားတော့မယ် ။ ကိုယ့်ဘာသာ စဉ်းစားတော့တဲ့ . . ။

ကဲ . . . ။ တကယ်ဆိုရင် အစကတည်းက သူ က အရင် ပြောသင့်တာပေါ့ . . ။ ဒီလောက် မတွေ့တာ ကြာတာ ဘယ်လို လုပ် မှတ်မိမှာလဲ . . ? ဟုတ်တယ်မလားးး ..? အဲ့ဒါ dew လွှဲတာလားးး ... သူ ပဲ လွှဲတာလား မသိဘူးးး ...။ ခုချိန်ထိလည်း စဉ်းစားလို့ မရဘူးးး ..။ တော်တော် ဦးနှောက် စားအောင် လာလုပ်သွားတာ ခုချိန်ထိပဲ ..။

*~*~*~*~*~*~*~*~*~*

နာမည် များ မမှတ်မိခြင်းးး ။

တကယ်တော့ dew က လူ တစ်ယောက် ကို ခင်ရင် အရမ်းခင်တတ်ပါတယ် ..။ ဒါပေမယ့် ဘယ်တော့ မှ နာမည် မမှတ်မိဘူးးး . . ။ ဘာလို့မှန်းလည်း ကိုယ့် ကိုယ် ကို မသိပါ . . ။
အရင်တစ်ခါတည်း ကျောင်းတတ်ခဲ့တုန်းက ပေါ့ . . ။ dew တို့ အဖွဲ့ မှာ စုစုပေါင်းမှ ၆ ယောက်ပဲ ရှိတာပါ ။ အတူတူကျောင်းတတ်တာ ၁ နှစ် တတ်ပြီးသွားတာတောင် ကျောင်း ၂ လ လည်း ပြန်ဖွင့်ရော တစ်ယောက်ရဲ့ နာမည်ကို မေ့သွားလို့ လေ . . ။ ဘာပြောကောင်းမလဲ . . . သူငယ်ချင်း က စိတ်တွေ ဆိုးလိုက်တာ တအားပဲ . . .။ အဲ့ဒါ နဲ့ ပြန်ချော့ရတာပေါ့ . . .။

*~*~*~*~*~*~*~*~*~*

mail address မှား၍ ချက်တင် ထိုင်မိခြင်းးး ။

အများကြီး မရှင်းပြတော့ပါဘူးးး ။ စာအရှည်ကြီး ရိုက်ရမှာ ပျင်းလို့ ...။ လိုရင်းနဲ့ တိုရှင်း ပြောရရင်တော့ ချက်တင် ထိုင်ပြီး သူ sign out လုပ် သွားတော့မှပဲ လူမှားသွားပြီ ဆိုတာ သိတော့တယ် . . ။ ဟီးးး ဟီးးး. . ။

*~*~*~*~*~*~*~*~*~*

မေဒေးနေ့ အလွှဲ . . . ။

မေဒေး နေ့မတိုင်ခင်၂ ရက် အလို အလုပ်ကို ခွင့်တိုင်လိုက်တာ . . ။သောကြာနေ့ (မေဒေး) ညနေဘက် ကျောင်းမှာ စာမေးပွဲ ရှိလို့ မလာနိုင်တော့လို့ခွင့် တစ်ရက် ပေးပါ ဆိုပြီး . . ။ မန်နေဂျာ က မေဒေးနေ့ ( public holiday ) လေလို့ ပြောမှပဲ . . ။( ငါ့နှယ်နော် . . ။ ) မန်နေဂျာ က နောက်နေ့ အလုပ် လာစရာ မလိုတော့ ဘူး အပြောမခံ ရတာ ကံကောင်း သွားတယ် . . ။ တော်ကြာ မရှိမယ့် ရှိမယ့် အလုပ် လေး ပြုတ် သွား မှ ဖြင့်နော် . . ။






ရေးရင်း ရေးရင်း စိတ်မပါတော့ပါ . . ။
အစကတော့ စိတ်ပါပါနဲ့ ရေးနေရင်း စိတ်မပါတော့လို့ ဒီနားမှာပဲ အဆုံးသတ်လိုက်တော့တယ် ..။


PS ... !...* ရေးပြီးသားတွေ ဖျက်ရမှာ နှမြော၍ မဖျက်ဘဲ post တင်လိုက်သည် ..။ *...!