Author: ဆောင်းနှင်းရွက်
•3/03/2011 07:27:00 PM
ဆောင်းနှင်းတို့ အိမ်မှာဆို ငယ်ငယ်က အပင်တော်တော်စုံတယ် ပြောရမလား .. အိမ်ရှေ့ မှာလည်း အပင်တွေ များလို့ လမ်းပေါ်ကနေ ကြည့်ရင် အိမ်ကို တောင် သေချာ မမြင်ရပေ ..
ဆောင်းနှင်းတို့ မိသားစု ဒီအိမ်နေရာကို ပြောင်းလာတော့ ဆောင်းနှင်း ၃ နှစ် သမီးပဲ ရှိပါသေးတယ် ..

အဲ့ဒီ့အချိန် အိမ်ရှေ့မှာ ဘာပင်မှ မရှိသလို ၊ တစ်ရပ်ကွက်လုံးမှာလည်း အပင်ဆိုတာ တော်တော်ရှားပါးတယ်တဲ့ .. အဲ့ဒါနဲ့ပဲ ဖေကြီးက လမ်းသွားလမ်းလာတွေလည်း အရိပ်ရအောင် ဆိုပြီး မြန်မြန် ကြီးလွယ်တဲ့ ကုက္ကိုပင် ကို အရင်စိုက်လိုက်တယ်လို့ တော့ အိမ်က မေကြီး နဲ့ ဖေကြီး ခဏ ၊ ခဏ ပြောလို့ ကြားဖူးပါတယ် ..
အဲ့ဒါနဲ့ပဲ ဆောင်းနှင်းတို့ အိမ်ရှေ့မှာ ကုက္ကိုပင် ကြီး တစ်ပင် ရှိတယ်ပေါ့ .. (မှတ်ထားနော် .. လိပ်စာ) .. :D

အိမ်မှာ ဖေကြီး ၊ မေကြီး နဲ့ လေးလေး တို့ကတော့ အပင် ဘာစိုက်သလဲ မမေးပါနဲ့ .. အသေးကအစ ၊ အကြီးအထိ တစ်ခုခု ဆို စိုက်မယ်ဆိုတာချည်းပဲ .. ဆောင်းနှင်းလည်း အပင်စိုက်တာ ၀ါသနာ ပါပေမယ့် မြေသြဇာ ကိုင်ရတာလောက် စိတ်ညစ်တာ မရှိပါဘူး ... ဘာလို့လဲ ဆို တစ်ခါ ဖေကြီး က မြေသြဇာ အစစ်ဆိုတာ နွားခြေတွေလည်း ပါတယ်လို့ ပြောကတည်းက အပင်ထဲကို မြေသြဇာ ထည့်ရမယ်ဆို လုံးဝ မထည့်ချင်ပေ .... အဲ့ဒါနဲ့ ပဲ ဘယ်က၀ယ်ဝယ်လာမှန်းမသိတဲ့ မြေသြဇာဆိုတာတွေကို အုန်းပင်နားမှာ ထား ထားတာလည်း မှတ်မိနေပါသေးတယ် ...

နောက် အိမ်ခြံရှေ့အ၀င်ဝ လမ်းတစ်လျှောက်နဲ့ ခြံစည်းရိုးရှေ့မှာ စံပယ်ပင်တွေ စိုက်ထားတယ် .. စံပယ်ပန်း ပွင့်ချိန်ဆိုရင် စံပယ်ပွင့်တွေ ခူးရတာ မနက်မနက် ဆို အမောပေါ့ .. မနက် မိုးလင်း လမ်းသွားလမ်းလာတွေ အိမ်ရှေ့အ၀င်ဝ က စံပယ်တွေ ခူးသွားတာတောင် မနက် ၇ နာရီ ဆောင်းနှင်း ခူးတဲ့အချိန်ဆို ခြင်း ၁ ခြင်းနဲ့ တော်တော်အပြည့်ရတယ် .. ခြံထဲမှာလည်း စံပယ်ရုံက တစ်ရုံ ရှိသေးတော့ .. တစ်ချို့ အပွင့်တွေကို အခက်လိုက် ဘုရားကပ် ၊ တစ်ချို့ အပွင့်တွေကို အပ်ချည်ကြိုးနဲ့သီ ၊ တစ်ချို့အပွင့်တွေကို အိမ်ရှေ့ အိမ်နီးနားချင်းတွေ ပေးနဲ့ မနက်ဆို ဆောင်းနှင်း လုပ်ရတဲ့ အလုပ်တွေထဲမှာ တစ်ခုအပါပေါ့ ..း) (( ပျော်ဖို့ကောင်းတယ် ))

အဲ့လို ခြံ အ၀င်ဝမှာ လမ်းတစ်လျှောက်မှာ စံပယ်ပင်တွေ နဲ့ အတူ ဇီဇ၀ါ ပန်း အဖြူတွေ စိုက်ထားတာတွေလည်း ရှိသေးတယ် .. နေ့တိုင်းတော့ မခူးဖြစ်ပေမယ့် ခူးဖြစ်တဲ့နေ့ဆိုရင်တော့ ဘုရားပန်းကပ်ပေါ့ ..
နောက် အဲ့ဒီ့ စံပယ်ပန်းတွေ နဲ့ ဇီဇ၀ါပင်တွေ ခြားထဲမှာ ထီးထီးကြီး တစ်ပင်တည်း ရှိနေတာ က ဒန့်သလွန်ပင် ... အိမ်ကဖေကြီးက အိမ်ရှေ့အိမ်က ဒန့်သလွန်ပင် က ဒန့်သလွန်သီး သီးနေတာတွေ သဘောကျတာ ရယ် ၊ ကိုယ်တိုင် ဒန့်သလွန်ရွက် ဟင်းချို ကြိုက်တာရယ် ကြောင့် တစ်ပင်တည်း စိုက်လိုက်ပါသေးတယ် ...

အိမ်ရှေ့ ခြံစည်းရိုး အရှေ့မှာ စံပယ်ပင် တွေ နဲ့အတူ ဒီဘက် ခြံ အ၀င် စွန်းနားမှာ ငရုတ်ပင်လည်း စိုက်ဖူးသေးတယ် .. ငရုတ်သီးလေးတွေ သီးနေပြီ ဆိုရင် အပင်မှာ စိမ်းစိမ်းအတောင့်လေးတွေနဲ့ အရမ်း ကြည့်လို့ ကောင်းတာပဲ .. ဟင်းချက်နေရင်း ငရုတ်သီးလိုလို့ သွားခူးချည်းဆိုရင် ကလေးပီပီ သွားခူးရသေးတယ် .. အဲ့လိုခူးနေတဲ့ အချိန် မတော် အိမ်ရှေ့ ရေမြောင်းထဲ ပြုတ်ကျသွားရင် ဘယ်သူမှတောင် သိလိုက်မှာတောင် မဟုတ်ဘူးနော် ..း(

ဆောင်းနှင်း ၃ ၊ ၄ တန်းလောက်မှာတော့ ခြံထဲအ၀င်လမ်းထိပ်မှာ ဖေကြီး တယုတယ နဲ့ စိုက်လိုက်တဲ့ မလေးရှား ပိတောက်ပင် နဲ့ တမာပင် ရှိသေးတယ် .. ဒါပေမယ့် မလေးရှားပိတောက်ပင်ကတော့ ဆောင်းနှင်း ၁၀ တန်းလောက် မှာ ဘာလို့မှန်း မသိ သေသွားရော ... အဲ့ဒီ့ သေသွားတဲ့ မလေးရှား ပိတောက်ပင် ကို ခုတ်ထားတဲ့ ငုတ်တို က တော့ ခုချိန်ထိ အိမ်ရှေ့မှာ ရှိနေဆဲပါပဲ ...

အိမ် ခြံရှေ့က အပင်တွေ ပြီးတော့ အိမ်ရှေ့ခြံထဲက အပင်တွေ ..

အိမ်ရဲ့ ပတ်ပတ်လည် မှာ ဟိုးအရင်ကတော့ ပုဏ္ဍရိက် ပင်တွေ တော်တော်များများရှိတယ် ... ပုဏ္ဍရိက် အနီထဲက ၀တ်ဆံလေးတွေကို ယူပြီးကြိုးနဲ့ သီပြီးလည်း ကစားဖူးတယ် ...ပုဏ္ဍရိက် ပင်က အသီးတွေကိုလည်း စပျစ်သီးဆိုပြီး စားဖူးတယ် ... :D

အိမ်ခြံရှေ့ အ၀ ရဲ့ ဘယ်ဘက်ထောင့်နားလောက်မှာဆို အုန်းပင်ရှိတယ် ... သင်္ကြန်ဆို အဲ့ဒီ့ အုန်းလက်တွေနဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ဆောက်တယ် ...
ညာဘက်ထောင့်နားလောက်မှာဆို သနပ်ခါးပင် ရှိတယ် .. အရမ်းလည်း ပွင့်တယ် .. အရမ်းလည်း မွှေးတယ် ...
ဘုရားလည်း ကပ်ပေါ့ ....

အိမ်ခြံရှေ့ တည့်တည့်က ခြံစည်းရိုးမှာ ကပ်စိုက်ထားတဲ့ ပေါက်ပန်းဖြူပင်ကြီး ၃ ပင် လည်း ရှိတယ် .. အဲ့ဒီ့ ပေါက်ပန်းဖြူပင် ၃ ပင်ကြောင့် လမ်းပေါ်က ကြည့်ရင် အိမ်ကို မမြင်ရတာ လည်း ပါတယ် ... ပေါက်ပန်းဖြူပွင့်တွေကို သုပ်စားတယ် ... ဟင်းချိုလုပ်သောက်တယ် .. ပြုတ်ပြီး တို့စားတယ် .. တစ်နေ့ အဲ့ဒီ့ ပေါက်ပန်းဖြူပွင့်တွေကို တုတ်နဲ့ မခူးဘဲ အကို က အပင်ပေါ်တတ်ပြီး ခူးတာလားမသိပါဘူး ... အပင်ပေါ်ကနေ ပြုတ်ကျတာလား ၊ အဆင်းမှာပဲ ခြံစည်းရိုး ၀ါးကပ်တွေ နဲ့ ခြစ်မိတာလား လည်း သေချာမမှတ်မိတော့ပေမယ့် ... သူ့ဗိုက်မှာ အဆင်းရာတွေနဲ့ တစ်ချို့နေရာတွေ မှာ သွေးတွေထွက်တယ်ဆိုတာတွေတော့ မှတ်မိသေးတယ် ...

အိမ်ရှေ့ ခြံထဲက အဲ့ဒီ့ ပေါက်ပန်းဖြူပင်တွေ ရဲ့ နောက်မှာ မေမေရဲ့ အသည်းစွဲ ပိန်းပင် ၊ စံပယ်ပင် ၊ မာလကာ အူနီသီးပင် ၊ သလဲ သီးပင် ၊ သြဇာသီးပင် နဲ့ သပြေပင် ရှိတယ် ..

သလဲပင်က မန္တလေး အဖွားအိမ်က သလဲသီးပင် ကနေ ယူစိုက်ထားတာ .. အဲ့ဒီ့ အဖွားတို့ အိမ်က သလဲသီးက အရမ်းချိုတယ် .. အဖွားရန်ကုန်လာပြီး ဆိုရင် ပါလာတတ်တယ် .. စားပြီးသားအစေ့တွေကို အိမ်ရှေ့ကျဲချထားရင်းနဲ့ တစ်ပင်တည်း ရှားရှားပါးပါး ပေါက်သွားတာပါ ..း)

သပြေပင်မှာဆို စာကလေးတွေ ၊ နှံပြည်စုတ် ငှက် လေး တွေ လာလာပြီး အသိုက်ဖွဲ့ လို့ ဥလေးတွေနဲ့ စာကလေး ပေါက်စနလေးတွေ၊ နှံပြည့်စုတ် နီတာရဲလေးတွေ ၊ အဲ့ဒီ့ မွေးခင်းစလေးတွေကို မိခင်ကြီးက အစာခွံကျွေးတာ တွေ ကိုလည်း မြင်ဖူးတယ် ... ((အိမ်ပေါ်ကနေ ကြည့်တာပါ))

ဒါနဲ့ ထူးဆန်းတာ တစ်ခု ပြောပြအုံးမယ် .. တိုက်ဆိုင်တာလား ၊ နိမိတ်လားတော့ မသိဘူး .. ဆောင်းနှင်း ၁၀ တန်း နှစ်ပေါ့ ... တစ်မျိုးလုံးက ချစ်ကြတဲ့ ဖေကြီးရဲ့ တူ ၊ ဆောင်းနှင်း အကို ပေါ့ .. (ကိုလေး)တစ်ယောက် ဗိုက်သင်တန်းတတ်ရင်း ဆေးရုံတတ်ရတယ် ဆိုတော့ အိမ်ရှေ့က သြဇာပင်က ရုတ်တရက် ညိုးကျသွားတယ် ... အဲ့ဒီ့အချိန်မှာ အိမ်က မေကြီး က စိတ်ထဲမှာ မကောင်းလိုက်တာပေါ့ .. အတိတ်ကောက်ပြီး .. ရင်ထဲတစ်မျိုးကြီးပေါ့ .. ကိုလေး က သောကြာလည်း သောကြာသား ၊ တတ်နေတာလည်း အရာရှိသင်တန်းကိုး .. ကိုလေးက ဆေးရုံ ၁ လ လောက် တတ်ရတယ်လေ ... နောက် ကိုလေး မဆုံးခင် ၁ ပတ်လောက် နေတော့ သြဇာပင်က လုံးဝ ကို သေသွားရော ... အိမ်ကလူတွေ က စိတ်မကောင်းတွေ ဖြစ်လို့ ... တိုက်ဆိုင်တာလားတော့ မသိဘူးနော် ...

နောက် အိမ်မှာ ပိန်းအိုး တွေ တော်တော်ပေါတယ် .. သေချာမမှတ်မိတော့ပေမယ့် .. ပိန်းပင်တွေ အားရှိအောင်ဆိုလား ၊ ခရုမကျအောင်ဆိုလား .. ကြက်ဥ ၊ ဘဲဥ ချက်ပြီ ဆိုရင် အဲ့ဒီ့ အခွံတွေကိုလည်း အိုးထဲသွားထည့်ပေးရသေးတယ် ... အဲ့ဒါကြောင့်ပဲ အပွင့်တွေ အမြဲ လိုလို ပွင့်နေလား မသိပေ ..

အိမ်ရှေ့ပြီးတော့ အိမ်ဘေး ...

အိမ်ဘေးမှာလည်း ပိန်းပင်တွေရှိတယ် .. မေကြီး က ပိန်းပန်း တော်တော် ကြိုက်တယ် ... အိမ်ရှေ့မှာရော ၊ အိမ်ဘေးမှာရော ၊ အားရင် ပိန်းပင်တွေကို မျိုးပွား ၊ အိုးအကြီးကနေ အမြစ် အတတ်တွေကို ၊ အိုးအသေးထဲထည့် ၊ အုန်းဆံတွေ ထည့်နဲ့ .. ဆောင်းနှင်းတို့ လည်း အဲ့ဒီ့ ပိန်းအိုးတွေ မပြီး အိမ်ရှေ့ရွှေ့လိုက် ၊ အိမ်ဘေး ရွှေ့လိုက်နဲ့ လုပ်ပေးရတယ် .. အိမ်မှာ အရင် က အုန်းနို့ခေါက်ဆွဲချက်လို့ အုန်းဆံတွေရပြီဆို သိမ်းထား ၊ ပြီးရင် ပိန်းအိုး ထဲထည့် .. ၊ ပြောလို့ ပြောတာ မဟုတ်ပေ .. အိမ်မှာ အရမ်း စည်းစနစ် ကြီးတယ် ပြောရမလား ၊ အလေအလွှင့် မရှိစေရ ပြောရမလား ၊ ဘယ်လို ပြောရမလဲ .. မေကြီးပဲ အိမ်ရှင်မကောင်းတစ်ယောက် ပီသလွန်းတယ် ပြောရမလား .. အလေအလွှင့်ဘာမှ မရှိစေရဘူး ... :D ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းနှင်းရဲ့ မေမေကို အရမ်းချီးကျူးတယ် .. တကယ်ကို အိမ်ရှင်မကောင်း တစ်ယောက် အရမ်းပီသလွန်းတယ် ..

အိမ်ဘေးမှာ ပိန်းပင်တွေ နဲ့ အတူ လေးလေး တယုတယ ဆိုက်တဲ့ ပန်းထိမ်မနိုင်ပန်း ၊(ပန်းထိမ်ငိုလို့လည်းခေါ်တယ်) လည်း ရှိသေးတယ် .. အဲ့ဒီ့ ပန်းကလည်း ပွင့်ရင်တော်တော်လှတယ် .. သူပွင့်ပုံ ပွင့်နည်းက တစ်ခြားပန်းတွေလို မဟုတ်ဘဲ အရိုးတန်မှာ ဆင်းဆင်းလေနဲ့ ပွင့်တာ ကြည့်လို့ အရမ်းကောင်းတယ် ..

နောက် မာလကာပင် ၊ အိမ်ရှေ့ကအပင်က အူနီသီး ၊ အိမ်ဘေးက အပင်က အူအဖြူ ၊ သီးရင် စားလို့ အရမ်းကောင်းတယ် .. အရမ်းလည်း ချိုတယ် .. အ၇မ်း မကြီးတဲ့ မာလကာသီး ဆိုရင် အိမ်ပေါ်ကကြည့်လို့ မှည့်ဖို့ အရောင်နဲနဲသန်းသန်းတာတွေ့ပြီ ဆိုရင် ဘယ်အချိန် ခူးရမလဲ စောင့်တယ် .. တုတ်နဲ့ ခူးလို့ မရရင် ရေစည် ပေါ်ကနေ အပင်အောက်ဖက်နားတက်ပြီး အကိုင်းကိုလှုပ်တယ် .. အလုံးနဲနဲကြီးတယ်ဆိုရင်တော့ အိမ်က ဘုရားကပ်ဖို့ ပြောဖို့ မခူးရဘူး .. ..

နောက် ခရမ်းချွတ်သီးခေါ်လား .. တို့စားတဲ့ ခရမ်းသီး လေး ပေါက်စနလေးတွေလေ .. အဲ့ဒါလေးတွေ လည်း စင်သေးသေးလေး ထိုးပြီး အိမ်မှာ ခဏ စိုက်လိုက်ကြသေးတယ် ...

အိမ်ရဲ့ ဘေးမှာ သရက်ပင်ကြီးလည်း ရှိတယ် ... အဲ့ဒီ့ သရက်ပင်က သရက်သီး လုံးဝ မသီးဘဲနဲ့ အပင်က ကြီးထွားလိုက်တာ ၊ တော်တော်ကိုကြီးတယ် .. ဒီတော့ အိမ်က သရက်ပင်က ကြီးလွန်းတော့ အိမ်ဘက်ကို သရက်ကိုင်းတွေ အရမ်းရောက်တော့ အကောင်ပလောင် စိုးရိပ်၇တယ် .. ( အိမ်မှာ အကောင်ပလောင်လည်း ပေါပါတယ် ကြုံရင် ရေးပါအုံးမည် ) .. နောက် မိုးတွင်းဆို သရက်ကိုင်းတွေ အိမ်ခေါင်မိုးထိပြီး ရိုက်တဲ့ အသံက မိုးတွင်းဆို ကြောက်ဖို့ ကောင်းတယ်ပေါ့ .. အဲ့ဒါနဲ့ ဒီနှစ် မှ မသီးရင် နဲနဲ ခုတ်မယ်လုပ်လိုက်တာ .. အဲ့ဒီ့နှစ် ဝေေ၀ဆာဆာနဲ့ အပွင့်တွေ ပွင့်လို့ အိမ်က လူတွေ အံသြကုန်ရော ... သီးတာ ၊ သီးတာ ဆိုတာ အများကြီးပဲ .. အလုံးကြီးတွေ ဆိုတာ လည်း အကြီးကြီးတွေပဲ .. အဲ့ဒီ့သရက်သီးခူးတုန်းကလည်း အောက်ကနေ ဖေကြီးနဲ့ မေကြီး တုတ်ခြင်းနဲ့ ခူးနေတာ ကို မောင်လေး နဲ့ အကို က အပင်ပေါ်တတ်ခူးပေးမယ် တဲ့ .. သူတို့ ခူးတာကို ကြည့်ပြီး ဆောင်းနှင်းလည်း ခူးချင်လို့ အပင်ပေါ်ကို အိမ်နောက်ဖက် အမိုးပေါ်ကနေ တက်တယ် .. ဘာလို့မှန်းမသိ ငယ်ငယ်ကအပင်ပေါ်တက်၇တာ ကို ၀ါသနာကို ပါသလိုပဲ .. :D .. အဲ့ဒီ့ သရက်ပင်ပေါ်ရောက်တော့ တစ်ချို့ အလုံးအသေးလေးတွေကလည်း နဲနဲ ၀င်းပေါ့ .. ဘယ်ရမလဲ ... အပင်ပေါ်မှာတင် ခူးလည်း ခူး၊ စားလည်း စားပေါ့ .. အဲ့ဒါ အောက်က ဖေကြီး ၊ မေကြီး နဲ့ လေးလေး တို့က မသိဘူး .. :D အဲ့လို အစားကောင်းလို့လဲ ပါးစပ် မှာ သရက်စေး ပေါက်ဘူးတာ ခံ၇တယ် .. ၃ ယောက် ပြောရင်း ခူးရင်း၊ စားရင်းနဲ့ သရက်သီးကို ကိုင်းကနေ ခြွေချင်သလို ခြွေတော့ ကိုယ်ခန္ဓာ မှာလည်း သရက်စေးတွေ ပေါက်တာ အဖြူကွက်တွေ နဲ့ပေါ့ ... :P အဲ့ဒါကို အကိုက မဲ့ခရုစွဲပါတယ် ဆိုလို့ .. ငိုလိုက်ရတာ အမော ... အဲ့ဒီ့ သရက်သီးတွေကို အိမ်ရှေ့ အပင်က ကက္ကိုင်ရွက်တွေ နဲ့ အုပ်တာလည်း မှတ်မိပါသေးတယ် ...

အဲ့ဒီ့သရက်ပင် ပင်စည်မှာ ကပ်ပြီး သစ်ခွ နဲ့ ဒန်းစင်းလေဒီ အပင်တွေလည်း စိုက်ဖူးတယ် ... မာလကာပင်မှာလည်း အိုးတွေ တို့လို့တွဲလောင်း နဲ့ သစ်ခွ နဲ့ ဒန်းစင်းလေဒီတွေ စိုက်ကြသေးတယ် .. ဒန်းစင်းလေဒီ ကို ကြိုက်တယ် .. အဲ့ဒီ့ ပန်း ပွင့်တိုင်း စဉ်းစားမိတယ် .. ဘာလို့များ ကနေတဲ့ မိန်းကလေး တစ်ယာက်နဲ့ တူရတာလဲလို့ .. ပွင့်တိုင်း လည်း အနီးကပ် သေချာ ကြည့်ဖူးတယ် .. ပန်းဆို သူ့ဘာသာ အပင်မှာ ပဲ ပွင့်နေတာကို ကြည့်ရတာ ပိုသဘောကျတယ် .. မပန်ချင်ဘူး ..

နောက် အိမ်ဘေးမှာပဲ စင်ကြီးကြီး နဲ့ တစ်ခု စိုက်ဖူးသေးတယ် ထင်တယ် .. ဘာစင်လည်း သေချာတော့ မမှတ်မိတော့ဘူး ..

နောက် ဒီဘက်ခြမ်းဘက်က ခြံစည်းရိုးမှာ ဂွေးတောက်ပင်လည်း ရှိသေးတယ် .. ခြံစည်းရိုးကို စင်အနေနဲ့ သုံးပြီး အနွယ်တွေကို ပွားပေးတယ် .. အဲ့ဒါ ဖေကြီး အသည်းစွဲ .. ဆောင်းနှင်း အမုန်းဆုံး အပင် .. ဟုတ်တယ်လေ .. နာမည်ကြားရုံနဲ့ တင် စားချင်စိတ်မရှိ ၊ မြည်းကြည့်တော့ ခါးက ခါးသေးတယ် .. ဖေကြီးက ထမင်းစားရင် ဟင်းချိုပါမှ ထမင်းစားရတာ ကြိုက်တော့ ဟင်းချိုသောက် မရှိရင် ထမင်းစားခါနီးပြီး ဆို အိမ်ရှေ့က ဒန့်သလွန် ညွှန့်ကို ခူးရင် ခူး ၊ မခူးရင် ဂွေးတောက်ညွှန့်တွေကို မေမေ က ဟင်းချို လုပ်ပေးတယ် ..

အိမ်ရဲ့ အနောက်ဘက်မှာတော့ ကတတ်ပင် ရှိတယ် ... သပွတ်ပင် ရှိတယ် ..

သပွတ်အူလို မရှုပ်နဲ့ ဆိုတာ အပင်က သပွတ်သီး ခေါ်တာနဲ့ တူတယ် .. ခြောက်သွားရင် အထဲမှာ မြင်ရတယ် .. အမျှင်တွေ ရှူပ်ယှက်ခတ်နေတာ .. အဲ့ခါကျမှ နားလည်တော့တယ် .. :D

ကတတ်ပင် ကတော့ လေးလေး အသည်းစွဲ ၊ တကယ်တော့ အိမ်မှာ ကတတ်ပင် က အရင်စိုက်တာပါ ၊ အိမ်ရှေ့တမာ ၊ နောက်ဖေး ကတတ် ၊ မလုပ်ဘဲ နဲ့ စီးပွားတတ် ဆိုတဲ့ ဆိုရိုး ရှိတယ် ဆိုပြီး လာဘ်လည်း ပွင့်အောင် နောက်တော့မှ တမာပင် စိုက်တယ် ထင်တာပဲ ..
အဲ့ဒီ့ ကတတ်ပင် က အရမ်းတော့ ထူးထူးခြားခြား ကြီးထွားမလာပေမယ့် တပင်လုံး အညွှန့်တွေ နဲ့ ချည်း ပြည့်နေတတ်တယ် .. ပြည့်တာလည်း မပြောနဲ့လေ .. လေးလေး က အမြဲ အညွှန့်အသစ် ထွက်ပြီဆို ကတတ်ရွက်တွေ ဆားရည်စိမ်တယ် .. တို့စားတယ် .. သုပ်စားတယ် .. အိမ်နီးနားချင်း တွေပေးတယ် .. မိုးတွင်းဆို အပင်က အညွှန့်ထွက်တာ ခူးလို့ နိုင်တောင် မနိုင်တော့ဘူး .. ဆောင်းနှင်းလည်း ကတတ်ရွက်ဆို အရမ်းကြိုက်တယ် .. အိမ်က ကတတ်ရွက်ဆို လေးလေး နဲ့ ဆောင်းနှင်းက ဒိုင်ခံ စားတယ် ..

အဲ့လို အပင်စုံတဲ့ ဆောင်းနှင်းတို့အိမ်မှာ အရင်ကဆို နေ့တိုင်း ဘုရားစင်မှာ အိမ်က ပန်းတစ်မျိုးမျိုးကို အမြဲ တွေ့နေရတယ် .. အခုလို ပန်းပင်တွေ စိုက်လို့ ဆောင်းနှင်းတို့ အိမ်ခြံကို တော်တော် ကြီးလှတယ် မထင်ပါနဲ့ .. ပုံမှန်ခြံဝန်း အနေအထားကိုပဲ မေကြီး ၊ ဖေကြီး နဲ့ လေးလေးတို့က အိမ်ခြံအပြည့် အပင်စိုက်ထားတာပါ ..
ဒါပေမယ့် ခုချိန်မှာ အိမ်အဆောက်အဦး ကို တိုးချဲ့လိုက်တာ တစ်ပင်မှ ခြံထဲမှာ မရှိတော့ဘဲ ကျန်တဲ့ အပင်ဆိုလို့ အိမ်ရှေ့က ကုက္ကိုင်ပင် ၊ တမာပင် ၊ ဇီဇ၀ါ ပင် နည်းနည်း နဲ့ အိမ်နောက်ဘေးက ကတတ်ပင် တို့ပဲ ရှိပါတော့တယ် ..း(


ပုဏ္ဏရိတ် ဆိုတာ စာလုံးပေါင်းမှန်ပါသလား .. သိတဲ့သူ ရှိရင် ပြောပြသွားပေးပါ ..

PS ... !...* ဒီအပင် အကြောင်းကို ရေးချင်တာ ၁ လ လောက် ရှိနေပေမယ့် ခုမှပဲ ရေးဖြစ်လိုက်ပါတော့တယ် *...!

ရေးလိုက်တာ တော်တော်လေးကို ရှည်သွားပါတယ် .. သည်းခံ၍ အားပေးကြပါ.း))


This entry was posted on 3/03/2011 07:27:00 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On March 3, 2011 at 9:05 PM , နေ၀ဿန် said...

ဖတ်လို့တော့ကောင်းပါ့.. ဒါပေမယ့်ဘာပြောရမယ်မသိဘူး..း))...

ခင်မင်တဲ့
နေ၀ဿန်

 
On March 3, 2011 at 10:31 PM , rose said...

ဆောင်းနှင်း အိမ်က ပန်းပင် သစ်ပင်တွေ အကြောင်း လာဖတ်သွားပါတယ်။ အပင်လေးတွေ စိမ်းစိမ်းစိုစို မြင်ရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်နော်။ ရို့စ်လည်း ကတက်ချဉ် တို့စရာ အရမ်း ကြိုက်တယ်း)

http://redroseofburma.blogspot.com/

 
On March 4, 2011 at 11:52 PM , ကိုဇော် said...

ရေးထားတာ ကောင်းလိုက်တာ။ တကယ့်ကို အစ်ကို့အိမ်ကို ပြန်ရောက်သွားသလိုပါပဲ ညီမရေ။ အစ်ကိုတို့ အိမ်လည်း အဲဒီလိုပဲ ၊ အခု ညီမပြောသလိုတွေ အကုန်စိုက်ထားတာ ၊ မလေးရှား ပိတောက်ပင် တစ်ခုပဲ မပါတာ။ ဒါပေမဲ့ အိမ်နောက်ဘက် လမ်းကြားကိုတောင်မှ ကာပြီးတော့ တံခါးတပ်ပြီးတော့ အဖေ နဲ့ အဘွားက စိုက်ကြသေးတယ်လေ။ မြေဘောင်လေးတွေ တင်ပြီးတော့ပေါ့။ ဘာပင်တွေလဲ ဆိုရင် အရွက်စား မုန်လာပင်တွေလေ။ ဖြစ်လိုက်တာမှ သူများတွေကို ပေးလို့ကို မကုန်ဘူး။ အစ်ကိုတို့ အိမ်ရှေ့တည့်တည့်မှာက ခရေပင်ကြီးက ပိုကြီးတယ် ညီမရဲ့။

အရင် အိမ်ကို တကယ်ကို လွမ်းမိသွားတယ်။

 
On March 6, 2011 at 2:01 PM , ဆူးသစ် said...

ပုဏ္ဍရိက် လို့ပေါင်းပါတယ်ညီမရေ။ အပင်တွေစုံတော့ တော်တော်ပျော်ဖို့ကောင်းမှာပဲနော်။ အစ်ကို့အထင်တော့ စာဆိုတာ တိုတာ၊ရှည်တာ အဓိက မဟုတ်ဘဲ အရေးကောင်းတာ မကောင်းတာအပေါ်မှာဘဲ မူတည်ပါတယ်။ ကိုယ်ပြောချင်တာ ပေါ်အောင်ရေးနိုင်ရင် မဆိုးပါဘူး။

 
On March 6, 2011 at 11:54 PM , Angelhlaing(May everybody be happy and healthy! said...

စာရေးကောင်းတဲ့မမရေ။
အိမ်ကိုလွမ်းလာပြီ ။အမေစိုက်တဲ့ သီးပင်စားပင်ဝေဆာ
နေတဲ့ အမေ့အိမ်ကိုလွမ်းလာလို့။
အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

 
On March 7, 2011 at 4:28 PM , Anonymous said...

ကိုဆူးသစ် ရေ ..
ပုဏ္ဍရိက် ဘယ်လို ပေါင်းတယ် ဆိုတာ
အမှန် ပြောပြပေးသွားတာ
ကျေးဇူးပါ ..
ပြင်လည်း ပြင်လိုက်ပါပြီ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

 
On March 23, 2011 at 10:37 PM , Anonymous said...

သဲ....တို့ အိမ်က ပျော်စရာကြီးနော် ၊ ငါလဲ အိမ်မှာနေတုန်းက ...စွယ်တော်ရွက် ကင်ပွန်းချဉ်ရွက် မကျီးရွက် ... အရွက်ပေါင်းအစုံ ခူးတဲ့ အလုပ်လုပ်ခဲ့ဖူးတယ်..အဲ့တုန်းကတော့ ဆော့နေရင်း ခိုင်း ခံရတော့ ငြူစူတာတွေ ရှိပေမယ့်...ခုအချိန် အဲ့ဒါလေးတွေ ခူးချင်တယ် တမ်းတနေလဲ...မရတော့တဲ့ ဘွး(

မေဇင်