Author: ဆောင်းနှင်းရွက်
•12/25/2009 02:40:00 AM

ကျနော်၊ကျမ တို့ စုပေါင်းအလှူမင်္ဂလာ တွင် ကျနော်၊ကျမတို့ ဘလော့ဂါ မောင်နှမများ၊ စာဖတ်သူများ နှင့် အလှူရှင်များ ပါဝင် လှူဒါန်းကြသည်မှာ စကာင်္ပူဒေါ်လာ (၁၇၀၀)နီးပါးခန့် ရရှိထားပြီး ဖြစ်ပါသည်။ ခန့်မှန်းပမာဏထက် အလှူငွေများ ပိုမိုရရှိတဲ့အတွက် ကျနော်တို့အားလုံး ပျော်မဆုံး တပြုံးပြုံးဖြစ်ရပါသည်။ ဆက်လက်လှူဒါန်းလိုသူများ အကြောင်းကြား ဆက်သွယ် လှူဒါန်းနိုင်အောင် မနက်ဖန် ကြာသာပတေးနေ့ ညနေ (၂၄.၁၂.၂၀၀၉)ထိ လက်ခံသွားမှာဖြစ်ပါသည်။


ရရှိလာသော အလှူငွေများထဲမှ ဘုန်းကြီးကျောင်းအတွင်းထားရန် ဘုရားတစ်ဆူ တွင် အလှူငွေ ထည့်ဝင်ထားပါတယ်။ အလှူနေ့တွင် ဘုရား အနေကဇာတင်မှာ ဖြစ်ပြီး ဘုရားရှင်အား ရည်မှန်း၍သင်္ကန်း၊ ထီး၊ဖိနပ် နှင့် အနေကထိုင် တစ်စုံကို ဆက်ကပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ဘုရား ဒါယိကာ၊ ဒါယိကာမ များအဖြစ် ခံယူနိုင်မှာ ဖြစ်ပါသည်။


ထိုပြင် ကျောင်းနေဘုန်းတော်ကြီးများကို လက်ခံရရှိထားသော ဝတ္ထုငွေသားများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


အစီအစဉ်



မနက်(၉) နာရီ တိတိ တွင် အလှူငွေများဖြင့် စုပေါင်းလှူဒါန်းမည့် ဘုရားအား အနေကဇာ တင်ပါမည်။


မနက်(၁၀း၃၀) နာရီ တွင် လှူဒါန်းထားသော ဗုဒ္ဒဆင်းထုတော်အားရည်စူးပြီး သင်္ကန်း ၊ ထီး ၊ ဖိနပ် နှင့် အနေကထိုင် ကိုကပ်လှူ ပူဇော်ပြီး ကျောင်းနေ ဘုန်းကြီး (၆)ပါးကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းမှာ ဖြစ်ပါသည်။


ထိုနောက်ပရိတ်တရားတော် နာယူပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အမျှဝေ ပါမည်။

တရားနာပြီးလျှင် ဘုန်းကြီး(၆)ပါးကို မောင်နှမများကိုယ်တိုင် ချက်ပြုတ်ထားသော ဆွမ်းထမင်း၊ ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါသည်။


မနက်(၁၁း၀၀)နာရီမှ မွန်းလွဲ (၁း၃၀)နာရီ ထိ တရားနာကြွလာသူများနှင့် ဧည့်သည်တော်များကို ထောပတ်ထမင်းနှင့် ကြက်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ရှိကြသော ဘလောဂါများ၊ စာဖတ်သူများ၊ အလှူရှင်များ မည်သူမဆို အလှူသို့ တရားနာကြွရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျာ...။



အလှူကျင်းပမည့်နေရာ - NO.2, Jalan Kerayong,Sembawang Straits Estate, Singapore 759300.
Sembawang MRT ရောက်ရင် ဘတ်စ်ကား (882) ကို (၇)မှတ်တိုင် စီးပြီး (၁၀၀)မီတာလောက်လမ်း ပြန်
လျှောက်လျှင် Jalan Kerayong ကိုမြင်ရမှာဖြစ်ပါသည်
။
Author: ဆောင်းနှင်းရွက်
•12/21/2009 09:59:00 PM
မူလတန်းကျောင်းသူဘ၀ ရဲ့ အကြီးဆုံး အတန်းဖြစ်တဲ့ ၄ တန်း ဆိုတဲ့ နှစ် ...

အ.မ.က (၄၃) ဆိုတဲ့ ကျောင်းတွင် သင်္ချာဆရာမ ဒေါ်ချိုလေးမာ ဆိုတာ ဘယ်လို ဆိုတာကို အတန်းကြီး ကျောင်းသား/သူတိုင်း သိကြတယ် ..
စာရတယ် ဆိုပြီး ထိုင်နေချိန် ၊ မေးလိုက်မှ မရလို့ကတော့ ထို ကျောင်းသား/သူ ကြိမ်စာနှင့် နှစ်ပါးသွားကလို့ မျက်ရည် ပေါက်ပေါက် ကျအောင် ငိုရတတ်တယ် ဆိုတာ အကုန်လုံးသိကြတယ် ..
ဆရာမ ရဲ့ ကြိမ်လုံးစာ အစွမ်းထက်ပေမယ့် ကျောင်းသား/သူ တိုင်း ဆရာမ ကို ချစ်ကြတယ် ..
ချစ် ၊ ကြောက် ၊ ရိုသေ ရတဲ့ ဆရာမ တစ် ဦး ပါ ..


ထိုနေ့ ...

မနေ့က ကျက်ခိုင်းလိုက်တဲ့ ပုံသေနည်း တွေ မရတဲ့ အတန်း ရှေ့ ထွက်ခဲ့ ...
အခု မေးတုန်း ထွက်လာရင် ဘယ် ၊ ညာ ၁ ချက် စီ (စုစုပေါင်း ၂ ချက်) အရိုက်ခံရပြီး အတန်းရှေ့ ထွက် ဒူးထောက်ရပ်ရမယ် ..
နောက် မေးလို့ မရရင် ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် နေရမယ် .. (ညာပြောတဲ့ အတွက် ပို ခံရမယ် ဆိုတဲ့ သဘောပါ )...
အဲ့တော့ သေချာ စဉ်းစားပါ ..

သေချာ စဉ်းစားလိုက်ပါတယ် ..
ငါ တကယ် စာ ရရဲ့လား ..?? စိတ်ထဲမှာတော့ စဝေစ၀ါ ဖြစ်နေသလိုပဲ ..

မနေ့က အိမ်က တစ်ဦးတည်းသော အဒေါ် နဲ့ စကားများပြီး ဆူငေါက်ခံရလို့ အစောကြီး အိပ်လိုက်မိတယ် ..
အဒေါ် ဖြစ်တဲ့ အန်တီ ကလည်း တူမ ကို အရမ်းချစ်ပြီး ပညာတတ်ကြီး ဖြစ်စေဖို့ ဆိုပြီး အမြဲ ကျောင်းက သင်လိုက်တဲ့ စာတွေကို အိမ်ပြန်ရောက် ရင် သူက တဖန် ပြန်သင် ၊ ပြန်ရှင်းပြ နဲ့ ..
ဒါကြောင့် စာသင်ရင်း ဂရုဏာ ဒေါသ နဲ့စကားများကြရတာကလည်း တစ်ပတ်ကို ၆ ရက် လောက် ရှိတယ် ..
ထားပါတော့ ...

မျက်လုံး မြင်ယောင်နေတာကတော့ မနက် ကမှ ကပျာကယာ ကျက်လာတဲ့ စာတွေ ဟိုရောက် ဒီရောက် နဲ့ .. တကယ်တော့ သေချာ တစ်လုံးချင်းစီ မမှတ်မိနေပါ ..
ဆရာမရဲ့ ကြိမ်စာ ကို ကြောက်သလို ၊ တစ်ခါမှ သူငယ်တန်း ကတည်းက အတန်းရှေ့မှာ စာမရလို့ ထွက် မရပ်ခဲ့ဘူးလို့ ထွက် ရပ် ရမှာကိုလည်း ရှက်နေမိတယ် ..
ငါ ဘယ်လို လုပ်ရမလဲ ..
ဘာဖြစ်လဲ .. ဆရာမ ငါ့ကို မေးချင်မှ မေးမှာပါ ..
မေးတော့ရော ... ငါ စိတ်အေးအေး ထားပြီး ဖြေရင် ကျက်ထားတာတွေ မှတ်မိမှာပါ ..
စိုးရိပ် နေလို့ ဖြစ်မယ် ဆိုပြီး ကိုယ့်ဘာသာ တွေးရင် ခပ်တည်တည် နဲ့ပဲ ထိုင်ခုံ မှာ ပဲ ထိုင်နေလိုက်တယ် ..
မျက်နှာမှာ စိုးရိမ် တဲ့ ပုံ မပေါ်အောင် လုပ်ထားတဲ့ အသွင်ကပဲ ဆရာမ ရဲ့ စာမေးခြင်းကို ခံရအောင် ပိုပြီး ဆွဲဆောင် နေလိုက်သလို ဖြစ်သွားလားမသိပါ ..
နောက်ဆုံးတန်းက သူ တွေ ကို စာမေးနေရာကနေ အရှေ့အထိ လျှောက် လာပြီး
" . . . . " မတ်တပ်ရပ် ၊ စာမေးမယ် ဆိုပြီး ပြောလိုက်တဲ့ အသံက လူကို ရင်ခုန်နှုန်း 100 heart beat လောက် ဖြစ်သွားစေတယ် ..
အဲ့ အချိန် ရင် ထဲမှာ တုန်နေတဲ့ ရင်ခုန်နှုန်းတွေ က အနားက ရပ်နေတဲ့ ဆရာမ တောင် ကြားလောက် တဲ့ အသံနှုန်း ..
အစကတော့ မေးတာတွေ ဖြေနေတာ ၂ ကြောင်း ၊ ၃ ကြောင်း အထိ ထစ် အ အ နဲ့ ဟုတ်သလို လို နဲ့ တစ်ဖြေးဖြေး ဆရာမ ကို ကြောက်နေသလား ၊ ကြိမ်စာကို ပဲ ကြောက်နေသလား .. ဘာမှန်း မသိဘဲ မေးတဲ့ မေးခွန်းကို မဖြေနိုင်တော့ပါ ...

သွားပြီ .... ငါ တော့ အရိုက်ခံရတော့မယ် ဆိုတဲ့ အတွေးက ဦးနှောက်ထဲကို ပြေးဆောင့်တတ်လာတယ် ..

၃ တန်း တုန်းကလည်း ဒီဆရာမ နဲ့ပဲ စာသင်ခဲ့ရလို့ ဆရာမ အကြောင်း ကောင်းကောင်း သိနေခဲ့တယ် ..
ဟုတ်ပါတယ် ..
အဲ့နေ့ က
ကျောင်းသူဘ၀ မှာ တစ်နေ့တည်းသော ဘယ်၊ ညာ ၂ ချက် စီ (စုစုပေါင်း ၄ ချက်) အရိုက်ခံရပြီး အတန်းရှေ့ နားရွက်ဆွဲ ၊ ထိုင်ထ ၊ လုပ်ပြီး ဒူးထောက် ရပ် လိုက်ရတာ ခုချိန်ထိ မျက်စိ မြင်နေတုန်းပါပဲ ..

ဆရာမ ရိုက်တဲ့ ၄ ချက် ဆိုတဲ့ အချိန် အတိုင်း အတာ ဟာ ခဏလေး ဆိုပေမယ့် ကြိမ် နဲ့ ခြေထောက် နဲ့ ထိ တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားမှု့ ပြောမပြတတ်လောက်အောင် နာကျင် ခံစားရတယ် ..
ကျမ အရမ်းကို ငိုချင်နေခဲ့တယ် ..
ဒါပေမယ့် အရမ်းကို စိတ်ထိန်းလို့ နှုတ်ခမ်း တင်းတင်း စေ့ ရင်း နားရွက် ဆွဲ ၊ ထိုင်ထ လုပ်ခဲ့တယ် .. အဒေါ် ကိုလည်း ပိုပြီး စိတ်ဆိုးမိသွားတယ် .. သူ နဲ့ စကားများနေခဲ့လို့ ငါ စာမရခဲ့တာပေါ့ .. (ပြစ်မှားလိုက်မိတာ)

ဖြစ်ချင်တော့ အဲ့နေ့ က ကျောင်းဆင်း မိုးအ၇မ်း ရွာနေလို့ အဒေါ် လာကြိုတာ နောက်ကျနေခဲ့တယ် ..
(( အိမ် နဲ့ ကျောင်း နဲ့ က နီးလို့ လမ်းလျှောက်ပြန်လို့ရနေပါတယ် ))
ခြေထောက် က ရထားတဲ့ ကြိမ်ဒဏ်ကြောင့် လမ်းမလျှောက် နိုင်ခဲ့ပါ ..
ဒါပေမယ့် စိတ်ညစ်ညစ် နဲ့ နာနေတဲ့ ခြေထောက် ကို မနည်း အားပြုလို့ မိုးရွာထဲမှာ လမ်းလျှောက်ပြန်ခဲ့တယ် ..
ဝတ်ထားတဲ့ စကပ် အောက်အဖျားနဲ့ အလျိုးရာ နဲ့ က ကွက်တိ .. ခြေလှမ်းတွေ လှမ်း လိုက် တိုင်း စကပ် အောက် အဖျားနဲ့ ထိလို့ ပိုပြီး တစ်ဆစ်ဆစ် နဲ့ နာကျင်စေခဲ့တယ် ..
မိုးရွာထဲ အပြန်လမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ရင်း တင်းထားတဲ့ မျက်ရည်တွေ ကျသွားခဲ့ရတယ် ..

နောက်နေ့ ..
ကျမ ခြေသလုံး တွေ ယောင်လို့ ၊ အသည်းအသန် ဖျားတဲ့ နေ့ ....


အခုချိန်ထိ ဆရာမ ကို အမြဲ မှတ်မိနေပါတယ် .. ပြီးခဲ့ တဲ့ June,09 ပြန်တုန်းက ဆရာမ မှာ နှလုံးရောဂါ ရှိတယ် ဆိုတာ ကြားလိုက်ရလို့ စိတ်မကောင်းဖြစ်မိတယ် ..





PS ... !...* အမြဲ ပြောနေတဲ့ ဆရာမ ရဲ့ စကားလေး တစ်ခွန်းကို လည်း အခုချိန်ထိ ကြားနေစဲပါ ..*...!
မိဘ ၊ ဆရာ သမား တွေကို ဘယ်တော့မှ ညာမပြောရဘူး တဲ့ ..